Myanmar
An article was changed on the original website

ကိုသစ် (သီတဂူ) ● မုန်တိုင်းထဲက ဖယောင်းတိုင် – အပိုင်း (၂၁)

ကိုသစ် (သီတဂူ) ● မုန်တိုင်းထဲက ဖယောင်းတိုင်  – အပိုင်း (၂၁)

(မိုးမခ) စက်တင်ဘာ ၁၇၊ ၂၀၁၈

၁၉၅၀-ပြည့်နှစ်တုန်းက ဘုန်းတော်ကြီးဒလိုင်းလားမားကိုယ်တိုင် အိန္ဒိယပြည်ကို ပထမ ဆုံးအကြိမ်အဖြစ် ရောက်သွားခဲ့ဖူးသည်။ အဲဒီတုန်းက တန်ဖိုးကြီးမားလှသည့် ရွှေ၊ ငွေနှင့် တန်ဖိုးကြီးရှေးဟောင်း လက်ဝတ်ရတနာများကို ယူဆောင်လာခဲ့ပြီး Sikkim ပြည်နယ်ရှိ အစိုးရဘဏ်တခုတွင် အပ်နှံထားခဲ့ပါသည်။ အခုချိန်မှာတော့ ထိုလက်ဝတ် ရတနာများကို ရူပီးငွေနဲ့ လဲလှယ်ပြီး တိဗက်စာပေ၊ တိဗက်ယဉ်ကျေးမှု၊ ဆေးဝါး၊ တိဗက်အနုပညာနှင့် ဘာသာရေးစသည်ဖြင့် တိဗက်ပြည်သူတွေအတွက် လိုအပ်သည့် နေရာများတွင် စတင်အသုံးပြုနေပြီဖြစ်သည်။ တိဗက်လူမျိုးများအတွက် စာကြည့်တိုက် တွေ ဆောက်သည်။ လက်မှုအနုပညာကျောင်းတွေ တည်ထောင်သည်။ အသက်မွေး ၀မ်းကျောင်းပညာရပ်တွေအတွက် အဆောက်အဦတွေ ဖန်တီးပေးသည်။ ကော်ဇော စက်ရုံတွေ တည်ထောင်သည်။ စာသင်ကျောင်းတွေ ဆောက်ပေးသည်။ ဆေးရုံနှင့် လူအိုတွေ တည်ဆောက်ပေးခဲ့သည့်အပြင် တိဗက်တက္ကသိုလ်ကြီးများကိုပင် တည် ထောင်ပေးခဲ့ပါသည်။

မိမိဓရံဆာလာမြို့ကလေးတွင် နေထိုင်ခဲ့စဉ်တုန်းက ဘုန်းတော်ကြီးဒလိုင်းလားမား တည်ထောင်ထားသည့် တိဗက်ဆေးရုံကြီးသို့ သုံးလေးကြိမ်ထက်မနည်း ရောက်ခဲ့ဖူးပါ သည်။ ကျန်းမာရေးအနေနဲ့ ကိုယ်တိုင်က ဘာမှထူးထူးခြားခြားမဖြစ်သော်ငြားလည်း သီတင်းသုံးဖော်များကို လိုက်ပါကူညီပေးရင်း ရောက်ဖြစ်ခဲ့ခြင်းဖြစ်သည်။

ဓရံဆာလာမှာ နေခဲ့ရသည့်အချိန်တွေကို မှတ်မှတ်ရရရှိနေပါသေးသည်။ ဆရာမေဟု အများကခေါ်ကြသည့် ဒေါက်တာဦးမေဓာသည် ရေချိုးနေရင်း ရေပုံးကြီးကို ကောက်မ,လိုက်ရာ ခါးနာသွားသောကြောင့် တိဗက်ဆေးရုံကြီးကို ပထမဆုံးအကြိမ် အဖြစ် ရောက်သွားခဲ့ခြင်းဖြစ်သည်။ ထို့နောက် နယူးဒေလီတက္ကသိုလ်မှာ စာတမ်းရေး နေသည့် ဦးသဇ္ဇနကိုလိုက်ပို့ရင်း တိဗက်ဆေးရုံကြီးကို ရောက်ဖြစ်ပြန်ပါသည်။ သူ့ကျန်းမာရေးက အညံ့ထဲမှာရှိသည်။ အစာအိမ်ရောဂါလည်း ရှိသည်။ တနေ့မှာတော့ မိမိရဲ့ထုံးစံအတိုင်း ပဲဟင်းကောင်းကောင်းချက်ကျွေးလိုက်ရာ အဆိုပါ ဦးသဇ္ဇနသည် မိမိချက်ကျွေးသည့် ပဲဟင်းများကို အလွန်ကောင်းသည်ဟုဆိုကာ တ၀ကြီးဘုန်းပေးပါ တော့သည်။ ဆွမ်းစားနေရင်း ပါးစပ်ကလည်း “ကိုသစ်လက်ရာ ကောင်းလိုက်တာ၊ ကိုသစ်လက်ရာကောင်းလိုက်တာ”ဟု တဖွဖွပြောရင်း ပဲဟင်းတွေကို အားရပါးရဘုန်း ပေးပြီး သူ့အခန်းရှိရာကို ပြန်သွားပါတော့သည်။ နံနက်သုံးနာရီ ကျော်သောအခါ  အဆိုပါဦးဇင်းဦးသဇ္ဇနသည် မိမိအခန်းကို ပြန်ရောက်လာပါသည်။ ပဲဟင်းက သူ့ကိုဒုက္ခကောင်းကောင်းပေးလေပြီ။ တညလုံး မအိပ်ရသေးဘူး ပြောသည်။ ငိုလည်း ငိုပါသည်။ မိုးတွေက ရွာ။ မနက်စောစောမို့ ကားတွေက မရှိနဲ့ အခက်တွေ့နေပါတော့ သည်။ ဆရာမေကို အမြန်လာခဲ့ဖို့  ဖုံးဆက်ပြီး လှမ်းခေါ်ရသည်။ ဆူညံသံကြောင့် ဘေးခန်းမှာ အိမ်ငှားနေသည့် လားမားကြီး နိုးလာပြီး အကျိုး အကြောင်းမေးသည်။ သူ့အသိမိတ်ဆွေ ကားသမားကို ဖုံးဆက်လိုက်တော့ ဆယ်မိနစ်အတွင်း ကားရောက် လာပါသည်။ ဦးသဇ္ဇနကို ဆေးရုံပို့ရသည်။ အခန်းအ၀င် တံခါးအနီးမှာနေသည့် အခန်းဖော် ငနုချောင်းသားကြီးကတော့ မိုးလင်းခါနီးမှ အိပ်ရာဝင် သွားလို့နဲ့တူပါရဲ့။ ဦးသဇ္ဇနကို တံခါးထဖွင့်ပေးပြီးနောက် တခေါခေါနဲ့ ပြန်အိပ်ပျော်သွား ပါတော့သည်။ တိဗက်ဆေးရုံသို့ နောက်တခေါက်ရောက်ရပြန်ပါသည်။ ထို့နောက် ထို့နောင်တွေ မှာလည်း အကြိမ်ကြိမ်ရောက်ဖြစ်ခဲ့သေးသည်။ ဘုန်းတော်ကြီးရဲ့ ထုတည်ကြီးမားလှ သည့် ကျေးဇူးတရားတွေက တိဗက်ပြည်သူတွေအတွက်သာ မဟုတ်တော့။

အဝေးရောက် တိဗက်ပြည်သူတွေအတွက် ဘုန်းတော်ကြီးကိုယ်တိုင် အစွမ်းကုန်ကြိုး စားပါသည်။ နေရာထိုင်ခင်းတွေ ဆေးရုံဆေးခန်းတွေ စာသင်ကျောင်း၊ စိုက်ပျိုးရေး ပစ္စည်းနှင့် အခြားလိုအပ်ချက်များကို လိုအပ်နေသည့်နေရာတိုင်းမှာ ဖြည့်ဆီးဆောင် ရွက်ပေးလျှက်ရှိသည်။

နက်ရှိုင်းကျယ်ပြန့်သည့် ခေတ်သစ်ကွင်းပြင်ကျယ်ကြီးထဲမှာ ရိုးရာယုံကြည်မှုနှင့် လှေကြီးထိုး ရိုးရိုးကြီးသွားနေလို့မဖြစ်နိုင်တော့ကြောင်းကို ဘုန်းတော်ကြီးဒလိုင်း လားမားက နားလည်သဘောပေါက်သည်။ လမ်းဖောက်ခြင်း၊ တံတားဆောက်ခြင်း စသည့် လုပ်ငန်းခွင်တွေထဲမှာရောက်နေကြသည့် တိဗက်လူငယ်တွေကို ပြန်ခေါ်ပြီး ခေတ်မီသိပ္ပံနည်းပညာနှင့် အသက်မွေးဝမ်းကြောင်းဆိုင်ရာပညာရပ်တွေကို တိဗက် လူငယ်တွေကို သင်ယူစေပါသည်။ ကျောင်းတွေမှာ တိဗက်နှင့် အိန္ဒိယလူမျိုး ဆရာ ဆရာမတွေက အင်္ဂလိပ်၊ တိဗက်နှင့် ဟိန္ဒီစကားတို့ကိုသင်ယူစေသည်။ အတိတ်မှာ ရခဲ့တဲ့ဒဏ်ရာဒဏ်ချက်တွေကို ကုစားဖို့အတွက်ဆိုရင်တော့ ပညာရေးသည်သာ အကောင်းဆုံးဆေးတခွက်ဖြစ်ပါလိမ့်မည်။

ဘုန်းတော်ကြီးဒလိုင်းလားမားသည် ၁၉၆၀-ပြည်နှစ် ဧပြီလတွင် ဓရံဆာလာမှာ ပြောင်း ရွေ့နေထိုင်ပြီးနောက် သိပ်မကြာမီအချိန်မှာပင် တိဗက်အဝေးရောက် အစိုးရအဖွဲ့ကို ဖွဲ့စည်းလိုက်ပါသည်။ တိဗက်အဝေးရောက်အစိုးရအဖွဲ့တွင် ၀န်ကြီးခြောက်ဦး ပါရှိပြီး ပြည်ထဲရေးဝန်ကြီးဋ္ဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဋ္ဌာန၊ နိုင်ငံခြားရေး ၀န်ကြီး ဋ္ဌာန၊ ပညာရေးဝန်ကြီးဋ္ဌာန၊ လုံခြုံရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဋ္ဌာနဟူ၍ ၀န်ကြီးဋ္ဌာန ခြောက်ခုရှိသည်။ ၁၉၆၀-ခုနှစ်နွေရာသီမှာ အိန္ဒိယအစိုးရရှေ့နေများအကူအညီဖြင့် တိဗက်အဝေးရောက် အစိုးရအဖွဲ့ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို ရေးဆွဲပေးခဲ့ သည်။

ဘုန်းတော်ကြီးဒလိုင်းလားမားရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ဖြစ်ပါသည်။ အစိုးရဆိုတာ ပြည်သူရဲ့ ဆန္ဒကို ဖြည့်ဆီးပေးရမည့်အဖွဲ့အစည်းဖြစ်သည်။ အစိုးရဆိုတာ ပြည်သူ တွေရဲ့ပူးပေါင်းပါဝင်ဆောင်ရွက်မှုအားနဲ့ တည်ဆောက်ရသော အဖွဲ့အစည်း တခုဖြစ် သည်။ ဘုန်းတော်ကြီးရဲ့ တိဗက်အဝေးရောက်အစိုးရအနေနဲ့ ဘယ်လိုအခက်အခဲမျိုးပဲ ရှိရှိ သတ္တိရှိရှိရင်ဆိုင်ဖြေရှင်းသွားမည်ဖြစ်ပြီး ခေတ်သစ်မှာ တိဗက်လူမျိုးတွေကို ပျော်ရွှင်ချမ်းမြေ့စေရမည်ဟု ဘုန်းတော်ကြီးက မိန့်ပါသည်။ သူ့တိုင်းပြည် သူ့လူမျိုး အတွက် ဘုန်းတော်ကြီးဒလိုင်းလားမားရဲ့ စွမ်းဆောင်ချက်တွေက ယုံမှားသံသယ ဖြစ်စရာ အလျဉ်းမရှိပါ။ အသက်အရွယ်ကြီးရင့်နေပြီဖြစ်သည့်တိုင် ကမ္ဘာ့နိုင်ငံ အများအပြားသို့ မနေမနားခရီးသွား၍ တက္ကသိုလ်များ ကောလိပ်ကျောင်းများတွင် ဟောပြောပို့ချပေးခြင်းဖြင့် တိဗက်လူမျိုးများရဲ့ အခြေအနေကို ကမ္ဘာကြီးနှင့် မိတ်ဆက် ပေးခဲ့သည်။ အမေရိကန်သမ္မတအပါအ၀င် ထင်ရှားကျော်ကြားသည့် ကမ္ဘာ့ ခေါင်း ဆောင်များနှင့်တွေ့ဆုံပြီး တိဗက်လူမျိုးများကို အကူအညီတွေပေးကြဖို့ မေတ္တာ ရပ်ခံခဲ့ဖူးသည်။

အတိတ်က အတိတ်မှာ ကျန်ခဲ့ပြီဟုဆိုသည့်တိုင် အမာရွတ်တွေကို တွေ့မြင်နေရသည်။ အပြင်မှာ ရခဲ့တဲ့ဒဏ်ရာဒဏ်ချက်တွေကို ကုစားလို့ ရချင်ရနိုင်ပေမယ့် စိတ်မှာရခဲ့တဲ့ ဒဏ်ရာအနာတရတွေကို အကြွင်းမဲ့ပျောက်ကင်းသွားအောင် ကုစားဖို့ဆိုရင်တော့ အချိန်ပေးဖို့လိုပါလိမ့်ဦးမည်။ ဒီအတွက် နောက်ထပ်ပေးဆပ်ရဦးမည့်အချိန်တွေက  အနှစ်ငါးဆယ်လား၊ အနှစ်ရှစ်ဆယ်လား၊ နှစ်ပေါင်းတစ်ရာလား၊ ဒါမှမဟုတ်…..။

မြူခိုးတွေဝေနေလို့နဲ့ တူပါရဲ့။ အခန်းပြတင်းပေါက်ကနေ အပြင်ကို လှမ်းကြည့် လိုက်တော့ မှုံပျပျညနေခင်းအောက်မှာ ရေခဲတောင်ကြီးတွေက မပီဝိုးတ၀ါး။ အဝေး ရောက် တိဗက်ပြည်သူတွေရဲ့ အနာဂတ်က မည်သို့ရှိပါလိမ့်။

လာဆာအဓိကရုဏ်းဖြစ်ပြီးနောက် တိဗက်လူမျိုးအများစုက မွေးရပ်မြေကို စွန့်ခွါ သွားကြပါသည်။ ပြည်မကြီးရဲ့ စိုးမိုးခြယ်လှယ်မှုကို မခံယူလိုဟူသော အကြောင်းပြ ချက်ဖြင့် အမိမြေကို စွန့်ခွါခဲ့ကြခြင်းဖြစ်သည်။ အဆင်မပြေစေလိုသူတွေရဲ့ ဥာဏ် ကစားတဲ့ပွဲမှာ အဆင်မပြေမှုကို ထုတ်ပြလိုက်ပြီဆိုကတည်းက အရှုံးက ကိုယ့်ဘက်မှာပဲ ရှိပါလိမ့်မည်။ တိဗက်ကျေးလက်ဒေသတွေမှာ တိဗက်လူမျိုးတွေ မရှိကြတော့။ တိဗက်တို့စွန်ခွါသွားသည့်နေရာတွေမှာ ပြည်ကြီးသားတွေဝင်ရောက်နေရာယူလာကြ ပြီဖြစ်သည်။ ပီကင်းက တရုတ်စစ်သား နှစ်သိန်းကျော်ကို တိဗက်ဒေသကို ပို့လိုက် ပါသည်။ တရုတ်စစ်သည်တော်များနှင့် တိဗက်တောင်တန်းသမီးပျိုကလေးများရဲ့ ရင်ချင်းအပ်မယ့်ဇာတ်လမ်းတွေကို တင်ဆက်လိုက်ပြီဖြစ်သည်။ ပျော်သည်ဖြစ်စေ၊ မပျော်သည်ဖြစ်စေ အလိုတူခြင်း၊မတူခြင်းသည် ကိုယ့်ပိုင်ရွေးချယ်ခွင့်ရှိသည့် ပြဋ္ဌာန်း ချက်များမဟုတ်ပါလေတော့။ ဖြစ်ပေါ်လာသည့်ရင်သွေးလေးတွေက အလိုလို ပြည်ကြီးသားစာရင်းပေါက်ပြီးသားဖြစ်သည်။ သည်နည်းဖြင့် တိဗက်ဒေသအချို့မှာ တိဗက်လူမျိုးတွေ ပျောက်ကွယ်သွားခဲ့ရသည်။

တိဗက်သည် ကျနော်တို့ရဲ့ ရခိုင်ပြည်ဇာတ်လမ်းနှင့် ခပ်ဆင်ဆင်တူမည်ထင်ပါသည်။ ရခိုင်ကျေးရွာကလေးတွေမှာ ရခိုင်လူမျိုးတွေမရှိကြတော့ဘူးတဲ့။ ရေကြည်ရာ မျက်နုရာ ရှာရင်း ကျပျောက်ခဲ့ရတဲ့အိပ်မက်တချို့ကို ပြန်တွေ့ချင်နေမိပါသေးတော့သည်။ တရားခံ က ဘယ်သူတွေလဲ။ ဘယ်သူတွေကို လက်ညှိုးထိုးမှာလဲ။  ဘယ်သူ့ဘယ်သူကိုမှ တပ်အပ်သေချာစွာ အပြစ်ပုံချလို့မရဘူးလို့တော့ လက်လွှတ်စပယ်မပြောလိုက်ပါနှင့်။ သဘာဝ သယံဇာတတွေ ပွန်းပဲ့ရုံတင်လောက်ဆိုရင် အစားထိုးလို့ ရနိုင်ပါသေးသည်။ ကျနော်တို့ရဲ့ သွေးတွေသားတွေ ပွန်းပဲ့ကုန်မှဖြင့်..။ ဘယ်အရာမှ အစဉ်ထာဝရ တည်မြဲခြင်းမရှိဟုဆိုသည့်တိုင် ခိုင်မြဲခြင်းသဘောကို ခုံမင်နှစ်ခြိုက်တတ်ကြသည်မှာ လူသားတို့၏ အစွဲအလမ်းတခုပင်ဖြစ်မည်ထင်ပါသည်။

တိဗက်တော်လှန်ရေးအတွက် အမေရိကန် စီအိုင်အေရဲ့ အကူအညီနဲ့ တိဗက် လူငယ် များကို အမေရိကန်ပြည်ထောင်စု ကိုလိုရာဒိုပြည်နယ်ထဲတွင် စစ်ပညာလေ့ကျင့် သင်ကြားပေးပြီးနောက် တိဗက်ပြည်သို့ ပြန်ပို့ပေးခဲ့သည်။ သို့သော် စစ်ပညာသင်တန်း ဆင်းလာခဲ့သည့် တိဗက်လူငယ်တို့ တိဗက်ပြည်သို့ ပြန်ရောက်လာသောအခါ တိဗက်ပြည်က ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ တိဗက်တော်လှန်ရေးအစကတည်းက တိဗက်လူငယ်အများစုကို ပီကင်းပို့ပြီး သင်တန်းပေခဲ့သည့်တိဗက်လူငယ်အများစုက တိဗက်ပြည်ပြန်ရောက်ပြီးနောက် ဒေသန္တရအုပ်ချုပ်ရေးတာဝန်ကို စတင်ထမ်းဆောင် နေပြီဖြစ်သည်။ သူတို့ကို နားဝင်အောင် ဖျောင်းဖျနိုင်ဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့။ ပီကင်းက တိဗက်ကို အကွက်ပေါင်းများစွာ အသာစီးယူပြီး ကစားသွားခြင်းဖြစ်သည်။

သည်နှစ်နွေရာသီမှာ အိမ်နီးချင်းတိုင်းပြည်များသို့ ထွက်ခွါသွားကြသည့် တိဗက်လူဦးရေ က အခါတိုင်းထက် ပို၍များပြားလာသည်။ အိမ်နီးချင်းတိုင်းပြည်များကနေတဆင့် တိဗက်ပြည်ရဲ့ ဆိုးဝါးလှတဲ့အခြေအနေတွေကို ကမ္ဘာကြီးကို ချပြလိုက်ခြင်းဖြင့် ပီကင်းရဲ့ နိုင်ငံရေးသိက္ခာကို ထိုးနှက်တိုက်ခိုက်ကြပါတော့သည်။ တိဗက်ပြည် ပြန်လည်ရရှိရေးအတွက် ကိုယ့်ကိုယ်ကိုယ် မီးရှို့အဆုံးစီရင်ပြီး ဆန္ဒပြသူတွေရှိသလို အစာငတ်ခံ ဆန္ဒပြသူတွေလည်း ရှိသည်။

စာရေးသူ ဓရံဆာလာမှာနေတုန်းကတော့ တိဗက်တွေရဲ့ ဆန္ဒပြပွဲတွေကို မကြာခဏ မြင်တွေ့ခဲ့ရဖူးပါသည်။ ဓရံဆာလာရဲ့ မှောင်ရီပျိုးပျ ညနေဆည်းဆာအချိန်တွင် ဆန္ဒပြ ပွဲတွေ ကျင်းပလေ့ရှိသည်။ လူတိုင်းရဲ့ လက်ထဲမှာ မီးထွန်းထားတဲ့ ဖယောင်းတိုင် ကလေးတွေကို ကိုယ်စီကိုင်ပြီး လမ်းမတွေပေါ်မှာ စီတန်းလမ်းလျှောက်ကြ ခြင်းဖြစ်သည်။ အဲဒီအချိန်တုန်းက ကိုယ်တိုင်က နိုင်ငံရေးရည်ရွယ်ချက် ကြီးကြီးမားမား မရှိသည့်တိုင် မိတ်ဆွေတိဗက်တွေကို နည်းနည်းကလေးပဲဖြစ်ဖြစ် အားရှိပါစေတော့ ဟူသောစိတ်ဖြင့် သူတို့နှင့်အတူ လိုက်ပါခဲ့ခြင်းဖြစ်သည်။  ပြီးတော့ ကိုယ်တိုင်တွေ့ကြုံ နေရသည့် သူတို့အခက်အခဲကို စာနာသနားမိတာလည်းပါသလို ကိုယ်တတ်နိုင်သည့် ကိစ္စမို့ ပါဝင်အားဖြည့်သည့်အနေဖြင့် ကူညီပေးခဲ့ခြင်းလည်းဖြစ်သည်။ တိဗက်အဝေး ရောက်အစိုးရနှင့် တိဗက်ဘုန်းတော်ကြီးများက ဦးဆောင်ကျင်းပလေ့ရှိသည့် ညနေခင်း စီတန်းလမ်းလျှောက်ဆန္ဒပြပွဲတွင် ဆရာမေ-ဟုခေါ်သည့် ဒေါက်တာဦးမေဓာလည်း ပါသည်။ ဗီယက်နမ် မဟာယာနဦးဇင်းလေးတွေလည်း ပါသည်။ ဥရောပ၊ အမေရိက စသည့်နိုင်ငံများက နိုင်ငံခြားသားတွေလည်း အစုံပါဝင်ကြတာကို တွေ့မြင်ရပါသည်။ မိုးစုန်းစုန်းချုပ်သွားသည်အထိ မီးညှိထားတဲ့ ဖယောင်းတိုင်ကလေးတွေကို ကိုယ်စီ လက်ကကိုင်ပြီး ဓရံဆာလာမြို့ရဲ့ လမ်းမတွေပေါ်မှာ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ကြ ပြီးနောက် သတ်မှတ်ထားတဲ့ နေရာအရောက်မှာပဲ ကျနော်တို့တတွေ လမ်းခွဲခဲ့ကြ ပါသည်။

ဆက်လက်ဖော်ပြပါဦးမည်

ကိုသစ် (သီတဂူ)
၉၊ ၁၂၊ ၂၀၁၈

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Football news:

This is the best Milan in years: superkambekom with Juve (3 goals in 5 minutes!) saved the intrigue in Serie A
Zlatan Ibrahimovic: I am the President, player and coach! If I had been in Milan since the start of the season, we would have taken the scudetto
Sarri on the defeat by Milan: we played first-class football for 60 minutes. Then-turbidity
Pioli on the victory over Juve: Milan became a team. We can play even better
Pioli beat Juventus for the first time as a coach
Vardy has scored 10 goals for Arsenal in Premier League matches. Only Rooney has more
Ronaldo scores or gives an assist in 17 consecutive Serie A matches, where he scored 25 (21+4) points