Myanmar

အေးဝင်း (လမင်းတရာ) ● ကိုယ်တို့ခေတ်က စာပေဖြန့်ချိရေး

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

အေးဝင်း (လမင်းတရာ) ● ကိုယ်တို့ခေတ်က စာပေဖြန့်ချိရေး
(မိုးမခ) စက်တင်ဘာ ၁၆၊ ၂၀၁၈

 
‘ကိုယ်တို့ခေတ်’ လို့ပဲ သုံးချင်တယ်..။ သုံးမယ်..။ နှစ်ပေါင်းလည်း ၃၀ လောက်ကြာခဲ့ပြီ.။ သေတဲ့လူတွေလည်း အများအပြား သေကုန်ကြပြီ…။ ရှင်တဲ့လူတွေလည်း ဒီလုပ်ငန်းနဲ့ အသက်မမွေးကြတော့ဘူး..။ အမှတ်တရ.. လွမ်းတသသ ဒီစာကို ရေး ပါတယ်။

လမင်းတရာ စာပေဆက်ဆံရေးဟာ စာပေတိုက်အဖြစ် စာအုပ်ထုတ်ဝေရေးကိုလုပ်မယ်ဆိုတော့.. ကိုယ့်ရှေ့က ထုတ်ဝေရေး လုပ်နေတဲ့လူတွေဆီချဉ်းကပ်ပြီး နည်းနာတွေယူခဲ့ရတယ်။ ကိုယ့်အရင်နောင်တော်ကြီးတွေက ဖေးမလက်တွဲ အကူအညီ ပေးကြတယ်။

သူ့ကို တခေတ်လို့ ခေါ်မယ်ဆိုခေါ်လို့ရတဲ့ ‘မြန်မာစာအုပ်တိုက်’ – ဦးကြီးခင်၊ ဦးမြင့်ဆွေ။ စာအုပ်ပေါင်းများစွာ၊ ကျမ်းပေါင်း များစွာ သူတို့ ထုတ်ဝေခဲ့တယ်။ စာပုံနှိပ်စက်ကြီးတွေ ကိုယ်ပိုင်နဲ့ ကိုယ့်စာအုပ် ကိုယ်ရိုက်ထုတ်တယ်။ သူများစာအုပ်တွေကို ရိုက်နှိပ် ထုတ်ဝေပေးခဲ့တယ်။ ကျနော်တို့ ငယ်ငယ် ၃ တန်း ၄ တန်းစာအုပ်တွေ ဖတ်ခါစမှာ ဆရာကြီးရွှေဥဒေါင်း စာအုပ်တွေ၊ ဒဂုန်ရွှေမျှား၊ မိုးဝေတို့စာအုပ်တွေ မြန်မာစာအုပ်တိုက်က ရိုက်နှိပ်ထုတ်ဝေတာ ဖတ်ရတယ်။ မှတ်မိနေတယ်။ သားတွေ ခေတ်ရောက်လာတော့ သိန်းထိုက်ဆွေ…။ ဝတ္ထုတွေထုတ်တယ်၊ ရုပ်ပြတွေထုတ်တယ်။ ဖြစ်ကတတ်ဆန်းမဟုတ်ဘူး..။ သေသေသပ်သပ် လှလှပပ။ သိန်းထိုက်ဆွေက ကျနော်တို့ စက်မှုတက္ကသိုလ်မှာ သတင်းစဉ်ကော်မတီ၊ မဂ္ဂဇင်းကော်မတီ..။ ကျောင်းက ထွက်တော့ သူက စာအုပ်ထုတ်ဝေရေးလောကကို စောရောက်တယ်။

လမင်းတရာက ထုတ်ဝေသူဘဝထဲဝင်မယ်ဆိုတော့ သူ ထိပ်ဆုံးကကူညီခဲ့တယ်။ ဗမာပြည်တပြည်လုံးကစာအုပ်ဆိုင် စာ ရင်း သူ့ဆီကရတယ်။ နောက် ကာတွန်းဝဏ္ဏရဲ့ သမိန်ပေါသွပ်စာအုပ်တွေ ထုတ်တဲ့ကိုဇော်ဝင်းနဲ့ ကိုစံသိန်းသူငယ်ချင်း နှစ် ယောက်။ ဒီလိုနဲ့ လမင်းတရာ လူလားမြောက်လာတယ်။

လမင်းတရာလိုပဲ အင်္ဂလိပ် – မြန်မာ ဝတ္ထု၊ ကာတွန်းတွေ ငှားနေတဲ့ ၃၈ လမ်းထဲက ဘဝတက္ကသိုလ်စာအုပ်အငှားဆိုင်။ ဆိုင် ရှင်က ကိုနေဝင်း။ သူ စာအုပ်ထုတ်ဝေရေး လုပ်မယ်ဆိုတော့ လမင်းတရာရဲ့ နယ်စာအုပ်ဆိုင် လိပ်စာစာအုပ် သူ့လက်ထဲ ထည့်ပေးခဲ့တယ်။  ကာတွန်းခင်စိုး၊ ဆရာဦးအောင်မြင့် (Metallurgy) (ကြံ့ဗဟုန်း အောင်မြင့်) မြဝတ်ရည်တို့လည်း အသီး သီး ထုတ်ဝေရေးထဲကို ဝင်လာတယ်။ လမင်းတရာက တဖန်ကူညီရပြန်တယ်…။

စာအုပ်ထုတ်ဝေရေးမှာစာပေစိစစ်ရေး၊ ပြည်ထဲရေးတို့နဲ့ဆက်ဆံပြီးရင် စီးပွါးရေးဆိုင်ရာဖြန့်ချိရေးအပိုင်းကို ဖြတ်သန်းရတယ်။

ပထမ- ကျနော်တို့စာအုပ်အတွက် အမှာခေါ်ဖို့ ဗဟိုစာတိုက်ကြီးမှာ စာတိုက်သေတ္တာ နံပါတ်လျှောက်ရတယ်။ ပြီးတော့ အမှာစာကဒ် ရိုက်တယ်။ နောင်တော်ထုတ်ဝေသူတွေဆီကရတဲ့လိပ်စာတွေနဲ့ ဗမာပြည်ထိပ်ဖျား မချမ်းဘော၊ ပူတာအို က နေ တောင်ဖျား ကော့သောင် ပုလောထိ အမှာစာကဒ်တွေပို့တယ်။

မန္တလေးကိုတော့ ကိုဗိုမောင် (ကာတွန်းဗိုမောင်) က ဖြန့်ပေးလို့ တဦးတည်းကိုယ်စားလှယ်ပေးတယ်။ ပထမ ကိုဗိုမောင်က စေတနာနဲ့ အလကားကူညီဖြန့်ပေးတာ..။ နောက်တော့ ကျနော်တို့ အားလုံးကဝိုင်းတိုက်တွန်းပြီး ဖြန့်ချိခ ကော်မရှင် အ တင်းပေးရတယ်။ ဗိုမောင်က ဖြန့်ပြီးရင်စာအုပ်ပြန်မသိမ်းမချင်း ဆိုင်တွေမှာ မကြာမကြာ လှည့်ပတ်ကြည့်နေတာ..။ စင်ပေါ် မှာလျော့နေရင် ဖြည့်ခိုင်း၊ ကွယ်နေရင် သူကိုယ်တိုင် ရှေ့ထုတ်လုပ်ပေးတာ…။

ဒုတိယ- အမှာစာကဒ်အတိုင်း စာအုပ်တွေ နယ်ဖြန့်တဲ့နေ့မှာ စာတိုက်ကနေမှာတဲ့ အရေအတွက်အတိုင်း စာအုပ်တွေ ပို့ တယ်။ ကျနော်တို့ လမင်းတရာမှာ အကူလုပ်တဲ့ ရဲဘော်ကစာတိုက်မှာလည်း စာရေးလုပ်တယ်။ စာတိုက်ကိစ္စမှာ အပေါ်ဆုံး ကနေ အောက်ဆုံးထိ သူပိုင်တယ်။

စာတိုက်ခတွေ က လေကြောင်း၊ နဲ့ ရိုးရိုးပဲ။ အလေးချိန်ပေါ်မှာ အတိုးအလျော့ တွက်တယ်။ အကူရဲဘော်ကိုအောင်သောင်း(ကွယ်လွန်) က ကျွမ်းပြီးသား။ သူ့ လက်နဲ့ ဆလိုက်ပြီး အလေးချိန်ဘယ်လောက်၊ တံဆိပ်ခေါင်းကပ် ဆိုတာ တန်းသိတယ်။ ကျနော်တို့ စာအုပ် နယ်ဖြန့်မယ့်နေ့မှာညလုံးပေါက် လမင်းတရာ အငှားဆိုင်ထဲ ထိုင်လုပ်ကြရတာ။ စာအုပ်ထုပ် ရာကျော်ကို တညလုံးထုပ်ရတယ်။ ကိုကျော်သာ (ပီဒီကျော်စွာ – မကြာခင်က ကွယ်လွန်)၊ ကိုအောင်သောင်း (ကွယ်လွန်) နဲ့ ကျနော် စာ အုပ်တွေကို အမှာစာအတိုင်း ထုပ်၊ စာရင်းလုပ်၊ တံဆိပ်ခေါင်းကပ်။ အားလုံးပြီးရင် တထုပ်ချင်း ချိပ်ထိုးရတယ်….။

မနက်လင်းတော့ ကျနော်တို့ ကားဂိတ်၊ ရထား၊ စာတိုက် ၃ ခုစလုံးကို တမနက်ထဲ ပို့ရတာ။ မြစ်ဝကျွန်းပေါ် ရေလမ်းခရီးက စာတိုက်ကပဲ သွားတယ်။ ပြည်မြို့အတွက်က ပြည် ကားဂိတ်မှာ သွားပေးရတယ်။ ရထားက မန္တလေးနဲ့မော်လမြိုင်။ သူက အထုပ်ကြီးတယ်။ ဝတ္ထုစာအုပ်ဆို အထုပ်ကြီး နှစ်ထုပ်၊ သုံးထုပ်။ကျန်တာ အားလုံး စာတိုက်။ စာတိုက်မှာကလည်း လူရင်း တွေလို့ ဖြစ်နေတော့ ကိုယ်က အပြီးအငြိမ်း အားလုံး ရေးသွား ကပ်သွားပြီးရင် ပုံချ ပေးခဲ့ရုံပဲ…။ ညနေကျရင်ရဲဘော်အောင်သောင်းအလုပ်ကအပြန် ဖြတ်ပိုင်းတွေ အားလုံး ယူလာပေးတယ်။

နယ်ပို့ပြီးတရက် သို့မဟုတ် နှစ်ရက်မှာ ရန်ကုန်ဖြန့်တယ်။ ဟိုခေတ်က တခုကောင်းတာ စာအုပ်ရောင်းတဲ့လူဟာ စာအုပ်ပဲ ရောင်းတယ်။ စာအုပ်ဆိုတာက စာအုပ်တန်းလို့ အများက သတ်မှတ်တဲ့ ၃၂ လမ်း၊၃၃ လမ်း၊ (ပန်းဆိုးတန်း၊ ၃၈ လမ်း က အသစ်ထွက်တဲ့ စာအုပ် မကိုင်ဘူး)။ ခုခေတ်မှာတော့ရောထွေးကုန်ပြီ။

ကျနော်တို့စာအုပ်ဖြန့်ပြီ ဆိုရင် မဂိုလမ်းထိပ်မှာ နှစ်ဆိုင်။ ၂၉ လမ်းထဲမှာ စံလှစာပေ၊မောင်ထော်လေးလမ်းထဲမှာ ဇမ္ဗူဝင်း၊ ၂၉ လမ်း နဲ့ လမ်း ၃၀ ကြား ဗိုလ်ချုပ်လမ်းပေါ်မှာအောင်ဆုယူ၊ စာပေဟင်းလေးအိုးကြီး၊ ၃၁ လမ်းထဲမှာ ဒေါ်မိုး-ကိုမြင့်ဆွေ (ဟင်္သတစာပေ)၊ ၃၃ လမ်းကတော့ များတယ်။ အဘ ဇွဲဦးထွန်းရှိန်ကြီးရဲ့ ဇွဲစာပေရိပ်မြုံ (ချွေးမ မဆင့်က စာအုပ်ဆိုင်ကိုင် တယ်)၊ ကိုမျိုးညွန့်အဖေ၊ မိုးမိုးအင်းလျားယောက္ခမ – အဘသခင်ခင်ညွန်ရဲ့စာပေလောက၊  ဇွဲဘေးက ရုပ်ရှင်မင်းသားဖိုးပါ ကြီးလို မျက်မှန်ကြီးနဲ့ (သူ့နာမည်မေ့နေပြီ) ဆိုင်၊ ဇော်မိုးချစ်တို့ လင်မယားဆိုင်၊ နောက်ဆိုင်ကလေးနှစ်ဆိုင်လောက်ရှိသေးတယ်။ ပြီးတော့ ရန်ကုန်မှာ ရောင်းအားအကောင်းဆုံး ဂုဏ်ထူးစာပေ။

ဒီလိုနဲ့တဆိုင်ဝင်တဆိုင်ထွက် ဖြန့်လာလိုက်တာ…ဂုဏ်ထူးပြီးရင် ပြီးသလောက်ပဲ။

ဖြန့်ချိပုံစနစ်ကို ပြောမယ်။ ဆိုင်ပေါ် အတင်ပေးပြီး ရောင်းပြီးမှ ငွေချေတဲ့ ရောင်းအားကောင်းတဲ့ဆိုင်ကြီးတွေ ရှိတယ်။ တဝက်ကို အတင်ပေးပြီး၊ တဝက်ကို အပြတ်ရောင်းရတဲ့ဆိုင်လည်းရှိတယ်။ တချို့ ကိုယ်နဲ့ ရင်းတဲ့ဆိုင်ကျတော့ ဆိုင်ကလေး ဆိုပေမယ့်အပြတ်မဝယ်ပဲ အတင်ပေးရတာလဲ ရှိတယ်။ တချို့ဆိုင်ကလေးတွေက ကိုယ်ဖြန့်နေတာ မြင်လို့သူတို့ ရောင်းချင် ရင် ကိုယ့်ဆီက အပြတ်လာဝယ်တာလည်း ရှိတယ်။

ကိုယ့်စာအုပ်တွေကလည်း၊ကာတွန်းတင်အောင်နီ၊ ကာတွန်းမောင်မောင်၊ ကာတွန်းသက်စု၊ ကာတွန်းငွေကြည်၊ ဆရာမမမြင့် ခိုင်ရဲ့ဝတ္ထုတွေ၊ မြတ်ထွန်းသစ်ရဲ့ ဝတ္ထုတွေ။ မောင်သိန်းဆိုင်သန်းထွန်းစိုး နာမည်နဲ့ ဘာသာပြန်တဲ့ ယူအက်ဖ်အိုအကြောင်း။

ကိုယ့်လိုပဲ စာအုပ်ထုတ်ဝေရေးလုပ်တဲ့ အပေါင်းအသင်းတွေ ဖြန့်ချိပုံ တမျိုးနဲ့ တမျိုး မတူကြဘူး။ ကိုမင်းမင်းက အရိုင်းကာတွန်း တမျိုးပဲ ထုတ်တယ်။ အော့ဖ်ဆက်နဲ့ လှလှပပ သပ်သပ်ရပ်ရပ်။စာအုပ်ထွက်ရင် ဘားလမ်း သူ့အိမ်ကနေပဲ သူ ဖြန့်တယ်။  ဥာဏ်ဝင်းက တမျိုး။ သူ့ရဲ့ မင်းသိင်္ခစာအုပ်ကိုေ၇ွှတောင်တန်းကနေဆို သွားရေးလာရေး ခက်မှာ စိုးလို့ လွယ်ကူအောင် ရမည်းသင်းသား ညီအစ်ကို၇ဲ့ သီလဝစာပေမှာ  ပုံချပြီး အဲဒီက ဖြန့်တယ်။မင်းသိင်္ခကိုယ်တိုင် ထိုင်နေပြီး အချိန်အတိအကျကို အခါပေးပြီး… ဖြန့်တာ…။ စာအုပ်ဆိုင်တွေကအဲဒီမှာ သွားယူရတယ်။ ရောင်းကောင်းတော့ ဖင်ခေါင်း လည်း ကျယ်နိုင်တာပေါ့..။ ဒါတောင်လိုသလောက်ပေးတာ မဟုတ်ဘူး…။ ပြည်သူ့ဆိုင်လိုခွဲတမ်းက ဖြတ်ချသေးတာ…။ ဆယ်အုပ်တောင်းရင်ငါးအုပ်ပဲ ရတာ။ ငွေလက်ငင်း။ အတင်မပေးဘူး…။ ဝယ်သူက ထုတ်ဝေသူဆီမှာ ခခယယ…။

စာအုပ်တွေနယ်ပို့ပြီးလို့ တပါတ် ဆယ်ရက်ဆို စာတိုက်ကနေ နယ်က စာအုပ်ဖိုးငွေတွေ စဝင်ပြီ။ နယ်ကဆိုင်တွေက သူတို့ စာတိုက်တွေမှာ ကျသင့်တန်ဘိုးကို ငွေချေပြီး ရွေးရတာ…..။ ကိုယ်ကကိုယ့်ပိုက်ဆံကို စာတိုက်ကြီးမှာပဲ ထုတ်ရတယ်။ မရွေးတဲ့ စာအုပ်တွေလည်း စာတိုက်မှာပဲပြန် ထုတ်ယူရတယ်။

ဗိုမောင်က တလတခါ ရန်ကုန် ဆင်းလာတတ်တော့ သူဆင်းလာရင် (မန္တလေးတိုးရစ်ကြီး) ငွေရပြီ….။ မန္တလေးဈေးချိုထဲမှာ တင်တင်ဦး စာပေရှိတယ်။ သူက မန္တလေးနယ်မြို့တွေ အတော်တော်များများ မိတ်ရှိတော့ ရောင်းအား တော်တော်ကောင်း တယ်…။ ရုပ်ချော၊ သဘောကောင်း၊ အပြောကောင်း…။ သူ့ဆိုင်ကို ကျနော် ရောက်ဖူးတယ်။ ဝယ်သူတွေဝိုင်းဝိုင်းလည်လို့….။

ဗိုမောင်ကို တဦးတည်း ကိုယ်စားလှယ်ပေးတာ သူက ဗိုမောင်နဲ့ အဆင်မပြေတော့ သူ့ကို သပ်သပ်ပေးဖို့ ရင်းနှီးမှုအရ တောင်းဆိုတယ်…။ “ရှင်က ဗိုမောင်မှ ဗိုမောင်မဖြစ်ဘူးဆိုရင်….. ကျမကို သပ်သပ်ပေးတဲ့….” ။ ဒါနဲ့ ကျနော်က ဗိုမောင်ကို ပြောပြတော့ ဗိုမောင်က ရီဖြဲဖြဲနဲ့ ပေးလိုက်… ပေးလိုက်တဲ့…။

မော်လမြိုင်ကျော်စာပေကျတော့ စာအုပ်ဖိုးငွေရှင်းရင် ဟင်္သတ မမိုးမှာ ကြုံရင် မမိုးကိုပေးခဲ့တယ်။ တခါတလေလည်း လမင်း တရာကို ရောက်လာတတ်တယ်။ ကိုယ့်နယ်သား…။ ငယ်ငယ်ရွယ်ရွယ်နဲ့အရမ်း အလုပ်ရိုသေတာ…။

အဲဒီခေတ်က စာပေဖြန့်ချိရေးက အဲသလိုအဆင်ပြေခဲ့တယ်။ များသောအားဖြင့် စာသမားဟာ စာအလုပ်ကိုလုပ်တယ်။ စာ အုပ်ဆိုင်က စာအုပ်ပဲ ရောင်းတာများတယ်။ ကိုယ့်ဆိုင် ကိုယ်တိုင်ရောင်းတယ်။ ကိုယ်အပေါက်ဆိုးရင် ကိုယ်ထမင်း ငတ် မယ်။ မသိဘူး…၊ မရှိဘူး မပြောလွှတ်ကြဘူး…။ စာအုပ်လိုချင်သူဟာ စာအုပ်ဆိုင်ကိုပဲ သွားတယ်။ စာအုပ်ရောင်းသူဟာ များသောအားဖြင့် စာအကြောင်း စာအုပ်အကြောင်းကို သိတယ်။ ဒါဟာ ဟိုခေတ်က အားသာချက်ပဲ….။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Football news:

Cristiano Ronaldo: I needed to score from a free kick to regain my confidence
After football, Buffon will return to school. He once faced prison for a false diploma
Ronaldo scored the first goal for Juventus from a free kick. There were 43 attempts
Ronaldo is the first in 59 years to score 25 goals for Juventus in Serie A in a single season
Sulscher on 5:2 with Bournemouth: I am happy with the energy of Manchester United and the goals scored. It was a match for the fans
Rashford on 5-2 with Bournemouth: it's Important to push on until the end of the season. Exciting time
⛔ This is the first League of Armenia was stopped because of dogovornjakah. Banned 5 clubs and 58 people (45-for life)